Skip to main content

BNRA အမည်ခံအဖွဲ့မှ ဒုတိယအဖွဲ့ခေါင်းဆောင်အပါအဝင် အဖွဲ့ဝင် ၅ ဦး တပ်မတော်လုံခြုံရေးစခန်းမှတစ်ဆင့် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၂၀

PDF အပါအဝင် အကြမ်းဖက်အဖွဲ့များသည် နိုင်ငံတော်အစိုးရနှင့်တပ်မတော်အား ဆန့်ကျင်တိုက်ခိုက်ခြင်း၊ နယ်မြေခံပြည်သူလူထုများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခြင်းများ လုပ်ဆောင်လျက်ရှိသည့်အပြင် ၎င်းတို့အဖွဲ့များအချင်းချင်း အချိန်ကြာမြင့်လာသည်နှင့်အမျှ ကိုယ်ကျိုးစီးပွားကိုအခြေခံ၍ နယ်မြေလုချင်း၊ ဝေစုမတည့်ခြင်း၊ အချင်းချင်းဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း စသည်တို့ဖြစ်ပေါ်လျက်ရှိသည်။

ထိုသို့ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် BNRA အမည်ခံအဖွဲ့မှ အဖွဲ့ခေါင်းဆောင် နိုင်လင်း (ခေါ်) နဂါးအနေဖြင့် အကြမ်းဖက်လုပ်ရပ်များအား လုပ်ဆောင်နေမှုများအား မနှစ်မြို့တော့ခြင်း၊ နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံလာခြင်းတို့ကြောင့် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး အဆိုပါသတင်းအား ထုတ်ပြန်ပြီးဖြစ်ပါသည်။

ထို့ပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာမှုကြောင့် ယနေ့မွန်းလွဲပိုင်းတွင် BNRA အမည်ခံအဖွဲ့မှ ဒုတိယအဖွဲ့ခေါင်းဆောင် ၁ ဦး၊ တတိယတာဝန်ခံအဆင့်ရှိသူ ၁ ဦး အပါအဝင် အဖွဲ့ဝင် ၅ ဦးသည် လက်နက်မျိုးစုံ ၅ လက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ပုလဲမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်စခန်းတစ်ခုထံသို့ လာရောက်ဆက်သွယ်သတင်းပို့၍ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသည့် BNRA အမည်ခံအဖွဲ့မှ ဒုတိယအဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များအား နယ်မြေခံလုံခြုံရေးတပ်ဌာနချုပ်မှ တာဝန်ရှိသူများက နွေးထွေးစွာကြိုဆိုခဲ့ကြပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ၊ ဆေးဝါးအကူအညီများနှင့် အုပ်ချုပ်မှုကိစ္စရပ်များအား အဆင်ပြေမှုရှိစေရေး ဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့် လိုအပ်သည့်စိစစ်မှုများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပြီး BNRA အမည်ခံအဖွဲ့မှ ဒုတိယအဖွဲ့ခေါင်းဆောင်နှင့် တတိယ တာဝန်ခံအဆင့်ရှိသူတို့၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-

၁။ ကျွန်တော်ကတော့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA က တာဝန်ရှိတဲ့သူတစ်ဦးပါ။ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ကိုရောက်ရှိသွားတဲ့ ပုံစံကတော့ ကျွန်တော်တို့ ၂၀၂၁ ခုနှစ်နောက်မှာ တိုင်းပြည်ရဲ့ကောင်းမွန်တဲ့ အခြေအနေတစ်ခုကို သွားကြတယ်ပေါ့။ ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေနဲ့ လုပ်ကြတယ်လို့ ပြောကြတယ်။ တကယ့်လက်တွေ့ ဒီအခြေအနေတွေကို ဘာပဲပြောပြော ခေတ်ရေစီးကြောင်းအတိုင်း လုပ်မယ်ဆိုပြီးတော့ ကျွန်တော်တို့လည်းဝင်ပြီးတော့ နိုင်တဲ့နေရာကနေ တာဝန်ထမ်းဆောင်မယ်ဆိုပြီးတော့ ဆုံးဖြတ်တယ်။ အဲဒီနောက်မှာကျွန်တော်လည်း မှန်မှန်ကန်ကန်လုပ်နေတယ်လို့ ယုံကြည်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်ကို ဝင်ပြီးကာမှ လုပ်ဖြစ်ခဲ့တယ်။ ကျွန်တော် ဒီလိုမျိုး အလင်းဝင်ဖို့အတွက် ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းရင်းကတော့ ကျွန်တော်တို့က ပိုကောင်းမွန်တဲ့ အခြေအနေတစ်ခုကို ရည်ရွယ်ပြီးကာမှ နိုင်ငံရေးအခင်းအကျင်းမှာ နိုင်တဲ့နေရာကနေ ဝင်ထမ်းမယ်ဆိုပြီးတော့ ဝင်ခဲ့တယ်။ ပိုကောင်းတဲ့ အခြေအနေတွေကိုလည်း ရည်ရွယ်ခဲ့တယ်။ အခုလက်ရှိ တော်လှန်ရေးထဲမှာဖြစ်နေတဲ့ အခြေအနေတွေက ပိုကောင်းတဲ့အခြေအနေတစ်ခုကို သွားနေတယ်၊ ရောက်မယ်လို့ မခံစားရတော့ဘူး။ မခံစားရဘူးဆိုတာကလည်း ကျွန်တော်တို့ စိတ်ခံစားချက်အရ ဖြစ်တာမဟုတ်ဘူး။ ကျွန်တော်တို့ ပကတိအခြေအနေတွေကို မြင်နေရတယ်၊ တွေ့နေရတယ်။ နောက်တစ်ခုကျတော့ လက်ရှိအခြေအနေမှာက တစ်ဖက်မှာပေါ့နော် ကျွန်တော်တို့အပေါ်မှာ အဆုံးသတ်ရေးတွေ၊ ပျက်ပြားရေးတွေ၊ ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ ပုံစံမျိုးတွေနဲ့ အဘက်ဘက်ကနေပြီး ပြည်သူတွေ အပေါ်မှာရော၊ အချင်းချင်းတွေအပေါ်မှာရော မိတ်ဖက် ပဋိပက္ခတွေဆိုတာထက်ပိုတဲ့ ပုံစံမျိုးတွေနဲ့ ခံစားရတယ်၊ ကြုံတွေ့ရတယ်။ အဲတော့ ကျွန်တော်တို့ ဒီဟာတွေကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ပြီးတဲ့ နောက်မှာတော့ ဒီဟာတွေက ဘယ်နည်းနဲ့မှ ပိုကောင်းမွန်တဲ့ အခြေအနေတစ်ခုကို ရောက်နိုင်မယ်လို့ မယုံကြည်တော့ဘူး။ မယုံကြည်တဲ့အတွက်ကြောင့်မို့ တစ်ဖက်မှာလည်း ဒီဘက်ကို သွားပေါင်းမယ်ဆိုရင်လည်း အလင်းဝင်မယ်ပေါ့ဗျာ၊ အလင်းဝင်မယ်ဆိုရင်လည်း ဟုတ်ပါ့မလား၊ အဆင်ပြေပါ့မလား၊ အဆင်ပြေပါ့မလားဆိုတဲ့ စိုးရိမ်စိတ်လေးလည်းရှိတာပေါ့။ တစ်ဖက်မှာလည်းပဲ ကျွန်တော်တို့ လက်တွေ့ကျကျပူးပေါင်းလိုက်တဲ့ အခါကျတော့ ဘာဖြစ်လာလဲဆိုတော့ ပျူငှာစွာနဲ့ ကြိုဆိုတယ်။ ကျွန်တော်အလင်းဝင်လာတဲ့ အချိန်မှာဆိုရင်လည်း တာဝန်ရှိတဲ့သူတွေ ဆင့်ကဲဆင့်ကဲပေါ့။ ကျွန်တော်တို့ကို နွေးနွေးထွေးထွေး ပျူပျူငှာငှာ ဖော်ဖော်ရွေရွေနဲ့ ကြိုဆိုကြတယ်။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျန်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေပေါ့နော်၊ ကျွန်တော့် ရဲဘော်တွေအတွက် ပြောချင်တာကဘာလဲဆိုတော့ အခုလက်ရှိ အခြေအနေကနေ ကောင်းမွန်တဲ့အနေအထားတစ်ခု ကိုရောက်ဖို့ဆိုတာ တော်တော်လေးကို မဖြစ်နိုင်တော့ဘူးပေါ့။ အဲအတွက်ကြောင့် ကျွန်တော်တို့ အသက်တွေ၊ ဘဝတွေ၊ ပျော်ရွှင်မှုတွေ၊ လွတ်လပ်မှုတွေကို ဘာအတွက် စတေးနေမှာလဲ၊ အလင်းဝင် လာတဲ့အချိန်မှာလည်း ကျွန်တော် တို့မြင်ထားတဲ့ပုံစံတွေနဲ့ တခြားစီပဲ။ ကျွန်တော်တို့ကို အကောင်းဆုံးပုံစံနဲ့ ကြိုဆိုတယ်။ အဲဒါကြောင့်မလို့ နီးစပ်ရာနယ်မြေခံတာဝန်ခံတွေနဲ့ ပေါင်းစပ်ပြီးကာမှ ပူးပေါင်းကြဖို့၊ အလင်းဝင်ကြဖို့ ကျွန်တော်တိုက်တွန်းပါတယ်။

၂။ ကျွန်တော်ကတော့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ရဲ့ တပ်ဖွဲ့ဝင် တစ်ယောက်ဖြစ်ပါတယ်။ ဗမာအမျိုးသားတော်လှန်ရေး တပ်မတော်ထဲကို ဝင်ရောက်လာခြင်းက ပြည်သူလူထုအကျိုးကို အကောင်းမွန်ဆုံးလုပ်ဆောင်နိုင်မယ့် အဖွဲ့အစည်းတစ်ရပ်အဖြစ်သာ ကျွန်တော်တို့ရှုမြင်ပြီးတော့ ဝင်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အခုအလင်းဝင်ရောက်လာတာက တော်လှန်ရေးကာလအတွင်းမှာ ပြည်သူလူထုရဲ့အကျိုးကို အကောင်းမွန်ဆုံးမဖြစ်ဘဲနဲ့ ဒီပူးပေါင်းဆောင်ရွက်တဲ့ ကဏ္ဍတွေမှာလည်း အတတ်နိုင်ဆုံး အဆင်ပြေဆုံးမရှိတဲ့အခါကျတော့ ကျွန်တော်တို့ရဲ့ တော်လှန်ရေးက တဖြည်းဖြည်းနဲ့ ပြည်သူလူထုတွေ ပိုပြီးဆင်းရဲမွဲတေ ဒုက္ခကြုံတွေ့ နေရတာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မြန်မာ့တပ်မတော်ရဲ့သဘောထားအမှန်တွေကို သိရှိလာရခြင်းဖြစ်တဲ့အတွက် အခုလိုမျိုး အလင်းဝင်ရောက်လာခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ အလင်းမဝင်ခင်မှာ ထိတ်လန့်မှုတွေရှိတာပေါ့။ ကျွန်တော်တို့ အလင်းဝင်တဲ့အခါမှာ ဖမ်းဆီးမလား၊ ထောင်ချမလား၊ တစ်ခုခုပြစ်မှုဆိုင်ရာ ကျူးလွန်ထားတဲ့အတွက် အပြစ်ပေးအရေးယူမလားပေါ့။ ဒါပေမယ့် တကယ်တမ်းရောက်လာတဲ့အခါ ကျတော့ တပ်မတော်ရဲ့နွေးထွေးစွာကြိုဆိုမှု၊ ကျွန်တော်တို့ ချိတ်ဆက်တဲ့အခါမှာလည်း အကောင်းမွန်ဆုံးနဲ့ အနွေးထွေးဆုံး ကြိုဆိုပေးတဲ့အတွက် ကျေးဇူးလည်းတင်ပါတယ်။ အခုလက်ရှိ ကျွန်တော်တို့အနေနဲ့ကတော့ အကောင်းမွန်ဆုံးနဲ့ ကျွန်တော်တို့ရဲ့ အနာဂတ်ကို အကောင်းဆုံးဖော်ဆောင်ဖို့အတွက် အခုလိုမျိုး အလင်းဝင်ရောက်ခြင်း ဖြစ်ပါတယ်။ တပ်မတော်ကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော့်အနေနဲ့ ထပ်ပြီးတော့ ပြောချင်တာကတော့ တော်လှန်ရေးကာလမှာ အကောင်းအဆိုးတွေကို အားလုံးသိနေတဲ့ ရဲဘော်ဝင်တွေဖြစ်တယ်။ အဲဒီတော့ အခုလက်ရှိမှာ မြန်မာ့တပ်မတော်ကလည်း နွေးထွေးစွာနဲ့ကြိုဆိုနေ တာလည်းဖြစ်တယ်။ အဲဒီတော့ စဉ်းစားဆုံးဖြတ်ပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့လည်း ကျွန်တော့် အနေနဲ့လည်း တိုက်တွန်းလိုပါတယ်။ အခုကျွန်တော်ရောက်ရှိလာတဲ့အခါမှာလည်း ကျွန်တော့်အပေါ် အားလုံးနွေးနွေးထွေးထွေးနဲ့ ကြိုဆိုပြီးတော့ ပြည်သူလူထုအတွက် အကောင်းဆုံးတွေ ရှေ့ဆက်ပြီးလုပ်ဆောင်မယ့်အရာတွေကိုလည်း ကျွန်တော့်ကို သေချာနားလည်သဘောပေါက်အောင် ရှင်းပြတဲ့အတွက် ကျွန်တော့်အနေနဲ့ကတော့ ဖိတ်ခေါ်ပါတယ်။ ကျန်တဲ့တပ်ဖွဲ့ဝင်များလည်း ပူးပေါင်းဆောင်ရွက်ဖို့လည်း ချိတ်ဆက်နေတာတော့ရှိပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ အလင်းဝင်လာမယ့် ရဲဘော်ရဲဘက်တွေ အားလုံးကိုလည်း နီးစပ်ရာ တပ်စခန်းတွေနဲ့ အမြန်ဆုံး ချိတ်ဆက်ပြီးတော့ ကျွန်တော့်လိုမျိုး ဝင်ရောက်လာဖို့အတွက် ကျွန်တော့်အနေနဲ့ တိုက်တွန်း ပြောကြားလိုပါတယ်။

နိုင်ငံတော်အစိုးရအနေဖြင့် အကြမ်းဖက်အဖွဲ့များအတွင်းသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေး အစဉ်တံခါး ဖွင့်ကြိုဆိုဖိတ်ခေါ်ထားရှိပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများနှင့် ထပ်မံဝင်ရောက်လာမည့်သူများကိုလည်း တရားဥပဒေဘောင်အတွင်း တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။